အလုံပိတ်အခန်းထဲမှာ ခြင်ဆေးထွန်း၊ မီးစက်နှိုးကြတဲ့အခါ
နေ့စဥ်ရက်ဆက် မီးပျက်တာတွေ ကြုံလာရတဲ့အခါ ဟိုးအရင် အဲကွန်းအခန်းတွေဟာ လှောင်ပိတ်လာပြီး လေကောင်းကောင်းမရတဲ့ အတွက် မီးစက်နှိုးပြီး အသက်ဆက်ကြရပါတယ်။ တစ်ချို့တစ်လေဆို ခြင်ဆေးတောင် ထွန်းထားကြလေရဲ့။
နေရာများများစားစား နဲ့ သင်တင့်လျောက်ပတ်သလောက် ကျယ်ဝန်းတဲ့ အိမ်တွေ မှာ မီးစက်ကို တစ်နေရာစာ သပ်သပ်ခွဲထုတ်ထားဖို့ စိုးရိမ်စရာအများကြီး မရှိပါဘူး။ ဒါပေမယ့် လူဦးရေထူထပ်တဲ့ ရန်ကုန်မြို့လို တိုက်ခန်းတွေ အတွက်ကတော့ ကျန်းမာရေးအတွက် သတိမမူမိဘဲ မီးစက်သပ်သပ် အခန်းပြင် ထုတ်မထားမိတဲ့အပြင် အလုံပိတ်အခန်းထဲ ထည့်ထားမိတတ်တာတွေ ကြုံရနိုင်ပါတယ်။
ဘာကြောင့် မီးစက်ကို အခန်းပြင် သပ်သပ် ထုတ်ထားသင့်တာလဲ?
အလုံပိတ်အခန်းထဲမှာ မီးစက်ကို နှိုးပြီး အဲကွန်းဖွင့်ရင်း မိသားစုပါ နေထိုင်ဖို့ လုံးဝ (လုံးဝ) မသင့်တော်ပါ။ အလုံပိတ်အခန်းထဲမှာ မီးစက်နှိုးလိုက်တဲ့အခါ လောင်စာဆီတွေလောင်ကျွမ်းရာက တစ်ဆင့် ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့ ထွက်လာပါတယ်။
ခြင်ဆေးထွန်းတာလဲ ထိုနည်း လည်းကောင်းပါပဲ။ လေ့လာချက်တွေအရ အလုံပိတ်အခန်းထဲမှာ ခြင်ဆေးတစ်ခွေထွန်းတာဟာ စီးကရက် တစ်ရာကျော် ကို မီးရှို့ပြီး ရှူတာနဲ့ အတူတူပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ခြင်ဆေးခွေ ထွန်းလိုက်တဲ့အခါမှာ အဆုတ်ကိုတိုက်ရိုက် ဒုက္ခပေးတဲ့ မျက်စိနဲ့ မမြင်နိုင်ပေမယ့် လေထုညစ်ညမ်းစေတဲ့ အရာတွေရယ်၊ ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့ရယ် ထွက်လာတာ ဖြစ်ပါတယ်။
ဓာတ်ငွေ့ဟာ အရောင်မရှိ၊ အနံ့မရှိ၊ အရသာမရှိတာကြောင့် မမြင်နိုင်၊ မသိနိုင်ပါ။ ဓာတ်ငွေ့ဟာ ခန္ဓာကိုယ်မှာ သတ်မှတ်ထားတဲ့ ပမာဏထက် အလွန်များလာရင် အသက်အန္တရာယ် ဖြစ်စေပါတယ်။ ဓာတ်ငွေ့ပမာဏကိုလဲ ကာဗွန်မိုနောက်ဆိုဒ် detector လို့ခေါ်တဲ့ အထူးပြုလုပ်ထားတဲ့ ပစ္စည်းနဲ့က လွဲရင် တိုင်းတာလို့ မရပါဘူး။ ဒါကြောင့် အခန်းတွင်း ဓာတ်ငွေ့ပမာဏ ဘယ်လောက်ထွက်ရာက ဘယ်လောက်နီးပါး ရှူရှိုက်နေမိလဲ ဆိုတာကို အသက်နဲ့ရင်းပြီးတော့ မစွန့်စားသင့်ပါ။
ဘာကြောင့် ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့ဟာ အန္တရာယ်ကြီးတာလဲ?
ဓာတ်ငွေ့ဟာ သွေးထဲက ဟီမိုဂလိုဘင် (Hb) နဲ့ အတူ သယ်ဆောင်လာတဲ့ ခန္ဓာကိုယ်ရဲ့ အရေးကြီး တစ်ရှူးတွေကို ရောက်အောင် ပို့ဆောင်ပေးမယ့် အောက်စီဂျင်ကို နေရာဖြတ်လုပြီး လုံးဝနေရာ မဖယ်ပေးတော့ပါဘူး။ ဒါကြောင့် ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေ ဆောင်ရွက် မယ့် တစ်ရှူးတွေဟာ အောက်စီဂျင်ပြတ်လပ်သွားတဲ့အတွက် ကိုယ်ခန္ဓာ ယန္တရားကြီး တစ်ခုလုံး မလည်ပတ်နိုင်တော့ဘဲ ပျက်စီးသွားရာကနေ အသက်သေဆုံးခြင်းကို ဖြစ်စေပါတယ်။
နှစ်စဥ်ထုတ်ပြန်ချက်အရ ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့ အဆိပ်သင့်တာကြောင့် အမေရိကန်နိုင်ငံမှာ လူပေါင်း 400 ကျော်ဟာ သေဆုံးနေပြီး လူပေါင်း 50,000 ဟာ ဆေးရုံမှာ ဆေးကုသမှု ခံယူနေကြရပါတယ်။ ဓာတ်ငွေ့ အဆိပ်သင့်တာဟာ တုပ်ကွေးရောဂါနဲ့လဲ ရောနေနိုင်၊ မှားနိုင် တဲ့ အတွက် အမေရိကန်နိုင်ငံရဲ့ နှစ်စဥ် မတော်တဆ အဆိပ်သင့် သေဆုံးမှုတွေရဲ့ ထိပ်ဆုံးမှာတောင် ပါဝင်နေပါတယ်။
ဓာတ်ငွေ့ကို ရှူရှိုက်မိရင် တစ်ခြား ဘာတွေ ခံစားရသေးလဲ?
ခေါင်းကိုက်တာ၊ ခေါင်းမူးတာ၊ ရင်ဘတ်အောင့်တာ၊ အန်တာ၊ အိပ်ချင်လာရာကနေ သတိလစ်သွားပြီး အသက်သေဆုံးတဲ့ အထိ ဖြစ်သွားနိုင်ပါတယ်။ ဒီလိုမျိုး အသက်သေဆုံးတာဟာ အရမ်းငယ်ရွယ်သေးတဲ့ ကလေးတွေ၊ ရောဂါအခံရှိတဲ့ အသက်ကြီးသူတွေမှာ အရမ်းကို မြန်ဆန်ပါတယ်။
စောလျင်စွာ သိရှိပြီး ကုသမှုခံယူနိုင်ပါက ကောင်းသွားနိုင်ပေမယ့် အချိန်နောက်ကျသွားတာနဲ့ ဦးနှောက်နဲ့နှလုံးကို အဓိက ကြီးကြီးမားမား ထိခိုက်ပြီးသားဖြစ်ကာ အသက်အန္တရာယ်များတဲ့ ဘက်ကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။
ဒီလိုမျိုး ပုံစံတွေ ခံစားလာရပြီး ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့ အဆိပ်သင့်တာ သံသယရှိပါက နီးစပ်ရာဆေးရုံ၊ဆေးခန်းသို့ အမြန်ဆုံး သွားရောက် ကုသမှု ခံယူရမှာ ဖြစ်ပါတယ်။
ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့ အဆိပ်သင့်တာကို ဘယ်လို ကာကွယ်ကြမလဲ?
1. တတ်နိုင်ပါက Battery back up ပါတဲ့ ကာဗွန်မိုနောက်ဆိုဒ် detector ကို အိမ်ရဲ့ နေရာတိုင်းမှာ တပ်ထားရပါမယ်။ ဓာတ်ငွေ့ဟာ အလုံပိတ်အခန်းဆိုပေမယ့် လွတ်တဲ့နေရာတွေကနေ နေရာအနှံ့အပြား ရောက်ရှိသွားနိုင်တဲ့အတွက် ဖြစ်ပါတယ်။ သတ်မှတ် ပမာဏထက် ကျော်လွန်ပြီး ဘေးဥပါဒ်ဖြစ်စေမယ့် ပမာဏ ရောက်လာပါက အချက်ပေးသံ မြည်လာပါလိမ့်မယ်။
2. အကောင်းဆုံးကတော့.မီးစက်နှိုးတာ၊ ခြင်ဆေးခွေ ထွန်းတာကို လေအားပေးစနစ်ထဲကို ဝင်နိုင်မယ့် နေရာတွေနဲ့ အလုံပိတ်အခန်းထဲမှာ မလုပ်ကြပါနဲ့။ ပြင်ပလေ ဝင်နိုင်မယ့် နေရာတွေမှာသာ ထားပါ။ တတ်နိုင်ပါက တံခါးပေါက်၊ ပြတင်းပေါက်ကနေ ပေ 20 ခန့် အကွာမှာ ထားရမှာ ဖြစ်ပါတယ်။
စက်ရုံ၊ အလုပ်ရုံတွေက အလုံပိတ် အခန်းတွေမှာလဲ အထက်ပါနည်းများအတိုင်း လုပ်ဆောင်နိုင်ပါတယ်။ မိတ်ဆွေတို့ကော အလုံပိတ်အခန်းထဲမှာ သတိမမူမိဘဲ လုပ်မိပြီးကြပြီလား?
ဒီဆောင်းပါးနဲ့ ပတ်သက်ပြီး သိရှိလိုသမျှ ၊ ဝေဖန်အကြံပြုလိုသမျှကိုလဲ စာဖတ်သူမိတ်ဆွေများက မျှဝေပေးစေလိုပါတယ်။ Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦးနော်။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်